
ကျည်ကဗျာ ကွဲကြေကျဆုံးခန်း
လူထုအပူ နှစ်ကူးမှာ မမျှော်လှူ
ပြည်သူကို သွေးခင်းပေးဆပ် ကာကွယ်လိုသူ
ရဲဘော်မောင်ငြိမ်းလူ ( ဟယ်လပင်)
ပုန်ကန်သူဖော်တသင်းကိုချန်
ဝိညာဉ်တပ်တော် အားဖြည့်တွဲရံဖို့ 
ရုတ်တရက် ထွက်ခွာသွားပြီကော။
သူရဲကောင်းတို့ မည်သည်
သူ့ အသက်ထက် ယုံကြည်ချက်ကိုတွယ်
လောကနံနက်ခင်းကို ရင်နှင့်ရင်းဖတ်သူပါ။
မင်းဟာ ရဲရဲတောက် စွန့် ပြီး
ရန် ငါ စည်းပြတ်
ကျည်ပေါက်သံချွေ
ကဗျာပန်းတွေ ဝေနိုင်ခဲ့သူ။
စစ်တလင်းကို မငြင်းခဲ့သူ
ရဲဘော်တွေကို သွေးချင်းထက် တွယ်တာသူပါ။
မင်း နဲ့  ငါ
သံလွင်။သောင်ရင်းရေ အတူသောက်
ဒေါနနဲ့ တနင်္သာရီတောင်တန်း အတူလှမ်း
သောက်စား အတွေးပွား အတူ စကားမာခဲ့။
မာနယ်ပလော။ထူးရာစိုးကဖေး
လူ့ဘောင်သစ်။အန်အယ်လ်ဒီရုံး
ဂရင်းကုန်း။ရဟန်းပျိုကုန်း
စာပေကလပ်။မယ်တုလျှိုချောင်းလမ်း
သေနတ်တစ်လက်။စာ သကာတစ်ဖက်
အတူမက်ခဲ့ကြ။
မင်းနဲ့ ငါ
အတိတ်ကို ပြန်ထမ်းပိုးတဲ့အခါ
ငါက လသာ(စင်ထရယ်)ကျောင်း
မင်းက ဗိုလ်တစ်ထောင် (စိန်ပေါလ်)ကျောင်း
ရန်ဟောင်းတွေကို
ပြန် ရီမောဖတ်ကြ။
ပကတိဘ၀မှာ ယုံကြည်တူ ခရီးသည်တွေဖြစ်ကြ
အနာဂတ်ကို
ငါတို့ တည်ဆောက်မယ်လို့ 
ခံယူခဲ့ကြ။
ခုတော့
သွားနှင့်ပေဦးတော့
ရဲဘော်ကြီးသူငယ်ချင်းရေ
မင်းရဲ့ သမိုင်းလမ်းမှာ
တာဝန်ကျေစွာ ကြွေလွင့်ခြင်းကို
နောက်ကျမှ သိရှိတုန်လှုပ်ရ
နှုတ်ဆက် အမျှဝေခွင့်မရ
ဟိုး-ဝေးဝေးကသာ
အလေးပြုခွင့်ပေးပါ သူငယ်ချင်း။ ။
ဒေါင်းနီ
(ဧပြီလ (၂၉)ရက်။၂၀၁၀ခုနှစ်။နံနက်(၃)နာရီတွင် ရုတ်တရက် ကျဆုံးကြွေလွင့်သွားသော သူငယ်ချင်းရဲဘော်ကြီး ကဗျာဆရာမောင်ငြိမ်းလူ (ဟယ်လ်ပင်) အတွက် )


ဆန္ဒနှင့် ဖြစ်တည်မှု -
ဒေါင်းနီ
သမိုင်း--------
ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ
အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ
ဘ၀ က တစ်ခါသာ ကခွင့်ပေးပေမယ့်
မျက်ရည်မခန်း လွမ်းခဲ့နှစ် တာရှည်ခဲ့ ။
ပြကွက်--------
အတ္တပြည့်လျှံ မိစ္ဆာလမ်းမ ရိုင်းတွေ
ပြည်တော်သာအလင်း မှိန်ဖျော့မှုန်ဝါး
ဓါးသွားထက်ပျားရည် ခိုးလုလျှက်လျှာများ
စည်းတား ယုံကြည်ချက် ဖိသွေးလက်များရှိနေ။
နိမိတ် --------
ကျေးလက်ရင်ဘတ်က ရုန်းကန်နိုးထ
ဖြတ်ကနဲ ကြွေခတဲ့ နောင်ရိုးရဲဘော်တွေ
သံလွင် ဒေါန ရင်ငွေ့ နဲ့  ရှင်ပြန်တောက်ခေါက်
ကျည်သစ်ပေါက်သံ ကမ်းဆင့်ဆက်ဝေ ။
မှတ်တမ်း--------
ရဲဘော်တို့ ရဲ့  ကျေးဇူးတော်နေ့ 
တမြေ့ မြေ့  ကြေကွဲစွာလာခဲ့
နိုင်ငံတော် ဂုဏ်သိက္ခာ စည်းကမ်း
စို့ နင့်ကြိတ်ရှိုက် ပုံရိပ်တွေ တွဲအိပြိုလာ
သစ္စာဆို အလေးပြု အမျှဝေရင်း ကြွေ။
မှတ်ချက် --------
သောကဒဏ်ရာစုံနဲ့  လက်ကျန် အာခံငှက်များ
မျိုးဆက်တောင်ပံ မိုးလုံးသိမ့်သိမ့်ခတ်
မပြီးပြတ်ကြွေးဟောင်း တိုးရင်းပေါင်း တောင်း
နှောင်ကြိုးမဲ့ စွန့် လွှတ်ခြင်းတွေ လင်းလက်နေ ၊ ၊
ဒေါင်းနီ
၁၁-၁၅-၀၉
( မ က ဒ တ တပ်ရင်း ၂၁၀-၂၁၄ (စောထစခန်း) မှ စွန့် လွတ်အနစ်နာခံ ကျဆုံးသွားသော သူရဲကောင်းရဲဘော်များနှင့် ဒီမိုကရေစီတော်လှန်ရေးတွင် ကြွေလွင့်သွားကြသော အာဇာနည်ရဲဘော်အပေါင်းတို့ အား ရည်စူးပါ၏။)
ကမ်းဆင့်နှစ်များ
လေနစ်သစ်ပင်မင်းမူသော တောခြောက်
ကြွေကြအိပ်မက်ပွင့်များ
ပြန့် ကျဲကျိုးပဲ့ ဝေနေ --။
အနာဂတ်တောင်ပံတွေ နှောင်ချုပ်ခံရ
ပုတ်သိုး မဲမှောင်ကာလသာ
အုံ့ ကြွ ဝေဆာ သိမ်ငယ်နေ ---။
ဖုံးဖျောက်မရတဲ့ ရာဇ၀င်ကောင်းကင်
ဝိညာဉ်တေးသံခြံရံ
တော်လှန်သူတွေ ဆက်မွေးနေ ---။၊
ဒေါင်းနီ
၀၈-၀၁-၀၉
( ယုံကြည်ချက်ဖြင့် ကျဆုံးသွားသော သူရဲကောင်းရဲဘော်အပေါင်းအား လေးစားဦးညွှတ်လျှက်---။)





(6)Oxen Team
(7)Strawberry Sellers
(8)Shan Festival in Taunggyi
(9)Fortune Teller and Clients











