Tuesday, June 15, 2010

ကမ္ဘာ့ အန္တိမ မိခင် (ဒေါင်းနီ)


ကမ္ဘာ့ အန္တိမ မိခင်




နည်းပညာတွေ သည်းသည်းလှုပ်ခါ
ကံကောင်းခြင်းတွေ အကြိမ်ကြိမ်လွဲချော်
စွန့် လွှတ်ပေးဆပ်မှုတွေ အခါခါကြွေ
ဟော့ဒီ သတ္တလောကမှာ အမှန်တရားကြောင့်
ပုခက်လွှဲသော မေတ္တာလက်
ဘဒ္ဒကမ္ဘာကို အုံကြွနိုးထအောင်
စဉ်ဆက်မပြတ် ကိုင်လှုပ်ပြတယ်---။

အမေ့အမည် သတ္တိ ကြားရုံမျှ
ဝေနာယျာ အပေါင်း
လေးစား စာနာ အားပေးကြ
အကောင်းဆုံး ဂုဏ်ဘွဲ့ ထူးတွေချီးမြှင့်ကြ
ပန်းတဝေေ၀နဲ့  လွတ်လမ်းရစေ ဆုတောင်းကြ---။

အမေ အမေ ဒေါ်အောင်ဆန်းစုကြည်
သာမန်အတွေးအခေါ်နဲ့ မိန်းမသားမဟုတ်
အစဉ်အလာအရ တော်လှန်မျိုးဂုဏ်ကြီးမြတ်
အမိမြေနဲ့ ပြည်သူကို
ဦဆွေးဆံမြည့် အလုပ်အကျွေးပြု
ဘေးရန်ကပ်ဆိုး အမျိုးမျိုး မောင်းထုတ်ဖို့ 
ဘ၀ပုံအပ် ခေါင်းဆောင်ကောင်းသမိုင်း ရေးထွင်းနိုင်သူ။

ပြန်ပြီး စစ်ရင် အရင်းအနှစ်မှာ---
အဘီက နေမ၀င် အင်ပါယာလှိုင်းကို
မြင်းတစ်စီး ဓါးတစ်လက်နဲ့ ထိုးဖောက်
ပုန်ကန် အာခံ
သူ့ ကျွန်မခံတဲ့
ခေါင်းဖြတ်သာ ခံခဲ့သူ။

အဖေက နယ်ချဲ့ နဲ့ ဖက်ဆစ်ဝါဒရိုင်းကို
သွေးသောက်သုံးကျိပ် စ ဗဟိုပြုဖြိုကြ
ရရင်ရ မရရင်ချတဲ့
အာဇာနည်းသွေးခင်းပြခဲ့သူ။

အမေက ဂရုဏာရှင် သံအမတ်
ချစ်ကြည်ရေးလမ်း ထုဆစ်ကာတည်ဆောက်

သီရီသုဓမ္မာနဲ့  ဆင်ဖြုတော်ဘွဲ့ အပ်ခံ

စစ်အာဏာရှင်ကို ဆံတခြည်မျှ ဦးမညွတ်သူ။

သမီးက နိုဘယ်လ်ငြိမ်းချမ်ရေးဆုနဲ့ လူထုခေါင်းဆောင်

ပြည်သူ့ အာဏာ အောင်လံလွှင့်တင်ရန်
ရင်သွေးကို ပစ်ခဲ့ရ
ချစ်လင်ကို စွန့် ခဲ့ရ
စည်းစိမ်ဥစ္စာ ပယ်ခဲ့ရ
ပိတ်ဖယ်။ထောင်။အချုပ်
ပုတ်ခတ်လုပ်ကြံမှုတွေ ခါးစည်းခံ
နှလုံးသွေးနဲ့  လူထုအပူ ငြိမ်းစေလိုသူ။

အဲဒီသူမ ဘာနဲ့ မှ
ထပ်တူပြု နှိုင်းမရ
အာဂအပြုံးနဲ့  စံထားစရာ ပြည့်လျှံ
လောကဓံကို ဦးမော့တွန်းလှန်ရဲခဲ့
မတရားတဲ့ အမိန့် အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြလော့
ရဲရင့်စွာ ဥဒါန်းကျူးစိမ်ခေါ်ပြ
အဇ္ဇျတ္တတရားနဲ့  လူထုအား
ကမ္ဘာ့လူသားများနဲ့ သစ္စာဆိုနေ။

ဒါတွေဟာ ဒဏ္ဍာရီ မဟုတ်---
စတေးမှု အလီလီသီလာတဲ့
ငါတို့  ရဲ့ ဂန္တ၀င်အမွေ
ငါတို့ အားလုံးရဲ့  အမေ
သူရဲကောင်းတို့ ရဲ့  မိခင်
ပြည်သူတွေရဲ့  အလင်းဖန်ဆင်းရှင်။

စစ်မိစ္ဆာ သွေးစုတ်ကောင်တွေက
အမေ့ ဘုန်းတန်ခိုး ညှိုးပြိုခဖို့ 
အမှောင် နှောက်တင်း လှောင်သွင်းချုပ်
အို နာ သေအောင် ညှင်းဆဲလုပ်နေ
အမေ့ အလင်းတွေဟာ
မြူမှုန်မျှပင် မမှိန်မလျော့
လောက မီးရှူးတန်ဆောင်လို တောက်ပ လင်းလက် စူးရှ
ထာဝရ ပွင့်ဝေ မွှေးပျံ့ နေမြဲဟေ့ ၊ ၊

ဒေါင်းနီ

(၂၀၁၀ ဇွန်လ ၁၉ရက်တွင် ကျရောက်သော
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့ 
ဂုဏ်ပြု အမှတ်တရ ကဗျာ)



Friday, June 11, 2010

သမတ အိုဘားမား ကိုယ်တိုင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခံရသူ=မချောငြိမ်းကျော်





သမတ အိုဘားမား ကိုယ်တိုင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခံရသူ=မချောငြိမ်းကျော်

ဒီကလေးမလေးရဲ့ အမည်က ချောငြိမ်းကျော်။ သူ့အဖေက ပြည်ချစ်ရဲဘော်ဟောင်း၊
အမေက ရန်-ငါ စည်းပြတ်တဲ့သူ။ ဒီကလေးမလေးဟာ သူ့မိဘ+မိသားစုနှင့်အတူ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကနေ အမေရိကကို ၂ဝဝ၄ ခုနှစ်မှာ ရောက်လာခဲ့သူ။
အဲဒီတုန်းက ဒီကလေးမလေးက တတိယတန်းကျောင်းသူ။
အခု အမေရိကမှာ နဝမတန်းကျောင်းသူအဖြစ် ကျောင်းတက်ရန်စောင့်နေသူ။
သူတက်နေတဲ့ ကျောင်းမှာလည်း ကျောင်းဘောလုံးအသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူး။
သူနေနေတဲ့နေရာက OHIO အိုဟိုင်းယိုးပြည်နယ်၊AKRON အာခရွန့်မြို့ ၊အစိုးရ အိမ်ရာဝင်း။
အခု မိဘတွေက အိမ်ထောင်ရေး အဆင်မပြေကြ။

လွန်ခဲ့တဲ့ ၂နှစ်ကျော်က အမေရိကမှာ ရဲဘော်အေသင်တို့ရဲ့ မြန်မာပြည်လွတ်မြောက်ရေး မိုင် ၃ဝဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်မှာ ချောငြိမ်းကျော်ဟာ ခွပ်ဒေါင်းမလေးအဖြစ် လိုက်ပါ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။


အလားတူ ရဲဘော်မောင်မောင်တိတ်တို့ ရဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး မိုင် ၉ဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့တယ်။

ယခု ၂၀၁၀ခုနှစ်မှာ သူနေတဲ့ကျောင်းမှာ အမေရိကန် သမတရဲ့ ပညာရည်ချွန် ထောက်ပံ့ရေးဆုကို ဆွတ်ခူးနိုင်လို့
ယခုနှစ် မေလထဲမှာပဲ
ဝါရှင်တန်ဒီစီ၊သမတ အိမ်ဖြူတော်မှာ
အမေရိကန် သမတ အိုဘားမား ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး
ဂုဏ်ပြုလက်မှတ် ပေးအပ်ခံခဲ့ရတယ်။





မြန်မာခွပ်ဒေါင်းမလေး ချောငြိမ်းကျော် စိတ်ဝင်စားတဲ့ ဘာသာရပ်က
သမိုင်းရုပ်ကြွင်းတူးဖော်လေ့လာရေုးဖြစ်ပြီး ၊
မွေးချင်း (၄)ယောက်တွင် သူမက ဒုတိယမြောက် အဖြစ် မြန်မာခွပ်ဒေါင်း မျိုးဆက်လေး၊
အနာဂတ်ရဲ့ မြန်မာအမျိုးသမီးတို့ရဲ့ ကြယ်တပွင့် ဖြစ်လာမည့်သူ ချောငြိမ်းကျော် တယောက်
ယခုလို ထူးချွန်လာတာကို ၊မြန်မာပြည်ထဲမှာ ဒီမိုကရေစီရရှိရေးအတွက် ကိုယ်ကျိုးမဖက်ဆောင်ရွက်နေတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ကြားသိရရင် ဘယ်လောက်ဝမ်းမြောက်လိုက်မလဲ။
ဒေါ်အောင်ဆန်းစုကြည်သာသိရင် ဇွန် ၁၉ရက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့မှာ ထူးချွန်တဲ့ အမျိုးသမီးလေး
တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်မှာ အသေအချာပါပဲ။
မြန်မာ့ခွပ်ဒေါင်းသွေး မျိုးဆက်သစ်ဖြစ်တဲ့ မချောငြိမ်းကျော်တယောက်လည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ခေတ်အဆက်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ထူးချွန်းသွားကြတဲ့
အမှန်တရားကို မြတ်နိုးတဲ့ မြန်မာအမျိုးသမီးတွေလို သမီးကောင်း ရတနာတပါး ဖြစ်ပါစေ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ကို ချစ်ရင် ၊ရောက်တဲ့နေရာမှာ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေးတဲ့
မြန်မာအမျိုးသမီးကောင်းတယောက်အဖြစ် ဆက်လက်ကြိုးစားစေချင်တယ်။
မိတ်ဆွေကောင်းတွေနဲ့တွေ့ကြုံပြီး၊ မိတ်ဆွေကောင်းတို့ရဲ့ တန်ဖိုးကို အလေးထားနိုင်တဲ့ အမျိုးသမီးလေးတယောက်ဖြစ်ပါစေလို့ မြန်မာအမျိုးသမီးများနေ့အမှတ်တရအဖြစ်
ရေးသားလိုက်ပါတယ်။

(ရဲဘော်ဒေါင်းနီ)
(အကျဉ်းကျခံနေရသော ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အမှတ်တရ ။)


ဆူးမစူးတဲ့ စု (ဒေါင်းနီ)


ဆူးမစူးတဲ့ စု (ဒေါင်းနီ)

သက္ကရာဇ်တွေ တစတစ ကြွေ
ဆူးတောင်တွေ တဖြေးဖြေးရစ်
မျှော်လင့်ချက်တွေ တငွေ့ ငွေ့ ဆင်း
သင်းကွဲလေရိုင်းကြမ်းတွေ
အကြိမ်ကြိမ်ဖြိုလှဲချ မရတဲ့ ကောင်းကင်သစ်ပင်။

ဒုက္ခမီးလှိုင်းဆိုးကြီးတွေ
ခဏခဏ၀ါးမြိုချေမရတဲ့ ဂန္တ၀င်ပန်းပွင့်။

စူးရှပြင်းထန် စစ်အာဏာသံတွေ
အခါခါဖုံးလွှမ်းမရတဲ့ အပြုံးကြယ်စင်။

သောကပင့်သက် နင့်နင့်ကြိတ်ရှိုက်
ဝေးလွင့်ရဲဘော်တွေကို နှုတ်မဆက်လိုက်ရတဲ့ အလင်းရှင်။

ပိတ်လှောင်နှောင်တည်း တားဆီးမှုတွေ
အလီလီဖဲ့စား ချိုးမရတဲ့ သစ္စာဓါးတစ်လက်။












မနက်ဖြန်များစွာ---

တိုက်ပွဲဖော် အားမြှင့်ထပ်ဆင့်တိုး
ကမ်းလင့်ကြိုဆိုသူတွေနဲ့ 
ကျွမ်းရင့်ညှိုးငယ်သူတွေနဲ့ 
လမ်းသစ်တိုးဖွင့်သူတွေနဲ့ 
တမ်းတအာခံ ပုန်ကန်သူတွေနဲ့ 
ယတြာ မန္တန် မမန်းမှုတ်
ကမ္ဘာ့သမိုင်းစာမျက်နှာ လှုပ်နှိုး
ဒဏ်ရာဝေဒနာ ဆုပ်ကိုင်ထားကာ
ကတိမေတ္တာ ရင်တွင်းလမ်းခင်း
အကျဉ်းစံ ရူးသွပ်ကြေ အမှောင်တိုက်မှာ
ခေါင်းအစ ခြေအဆုံး သွေးချင်းဖုံးပစေ
ဘယ်တော့မှ
ဒူးမထောက် အလံမလှဲခဲ့သူ (အမေ ) ၊ ၊

(ဒေါင်းနီ)

Friday, May 7, 2010

“ကျည်ကဗျာ ကွဲကြေကျဆုံးခန်း ” -ဒေါင်းနီ

ကျည်ကဗျာ ကွဲကြေကျဆုံးခန်း

လူထုအပူ နှစ်ကူးမှာ မမျှော်လှူ

ပြည်သူကို သွေးခင်းပေးဆပ် ကာကွယ်လိုသူ

ရဲဘော်မောင်ငြိမ်းလူ ( ဟယ်လပင်)

ပုန်ကန်သူဖော်တသင်းကိုချန်

ဝိညာဉ်တပ်တော် အားဖြည့်တွဲရံဖို့ 

ရုတ်တရက် ထွက်ခွာသွားပြီကော။

သူရဲကောင်းတို့ မည်သည်

သူ့ အသက်ထက် ယုံကြည်ချက်ကိုတွယ်

လောကနံနက်ခင်းကို ရင်နှင့်ရင်းဖတ်သူပါ။

မင်းဟာ ရဲရဲတောက် စွန့် ပြီး

ရန် ငါ စည်းပြတ်

ကျည်ပေါက်သံချွေ

ကဗျာပန်းတွေ ဝေနိုင်ခဲ့သူ။

စစ်တလင်းကို မငြင်းခဲ့သူ

ရဲဘော်တွေကို သွေးချင်းထက် တွယ်တာသူပါ။

မင်း နဲ့  ငါ

သံလွင်။သောင်ရင်းရေ အတူသောက်

ဒေါနနဲ့ တနင်္သာရီတောင်တန်း အတူလှမ်း

သောက်စား အတွေးပွား အတူ စကားမာခဲ့။

မာနယ်ပလော။ထူးရာစိုးကဖေး

လူ့ဘောင်သစ်။အန်အယ်လ်ဒီရုံး

ဂရင်းကုန်း။ရဟန်းပျိုကုန်း

စာပေကလပ်။မယ်တုလျှိုချောင်းလမ်း

သေနတ်တစ်လက်။စာ သကာတစ်ဖက်

အတူမက်ခဲ့ကြ။

 မင်းနဲ့ ငါ

အတိတ်ကို ပြန်ထမ်းပိုးတဲ့အခါ

ငါက လသာ(စင်ထရယ်)ကျောင်း

မင်းက ဗိုလ်တစ်ထောင် (စိန်ပေါလ်)ကျောင်း

ရန်ဟောင်းတွေကို

ပြန် ရီမောဖတ်ကြ။

ပကတိဘ၀မှာ ယုံကြည်တူ ခရီးသည်တွေဖြစ်ကြ

အနာဂတ်ကို

ငါတို့ တည်ဆောက်မယ်လို့ 

ခံယူခဲ့ကြ။

ခုတော့

သွားနှင့်ပေဦးတော့

ရဲဘော်ကြီးသူငယ်ချင်းရေ

မင်းရဲ့ သမိုင်းလမ်းမှာ

တာဝန်ကျေစွာ ကြွေလွင့်ခြင်းကို

နောက်ကျမှ သိရှိတုန်လှုပ်ရ

နှုတ်ဆက် အမျှဝေခွင့်မရ

ဟိုး-ဝေးဝေးကသာ

အလေးပြုခွင့်ပေးပါ သူငယ်ချင်း။ ။

ဒေါင်းနီ

(ဧပြီလ (၂၉)ရက်။၂၀၁၀ခုနှစ်။နံနက်(၃)နာရီတွင် ရုတ်တရက် ကျဆုံးကြွေလွင့်သွားသော သူငယ်ချင်းရဲဘော်ကြီး ကဗျာဆရာမောင်ငြိမ်းလူ (ဟယ်လ်ပင်) အတွက် )

Sunday, December 13, 2009

ထာဝရ -ခရီးသည် -အန္တိမ ဆုတောင်းခန်း (ကဗျာ၃ပုဒ်)


ခရီးသည်

မြို့ပျောက်
တောမှောက်
နောက်ကျသော အိပ်မက်လမ်း
ဇရာလမ်းမှာ ကျန်နေ …၊

ကြက် မမော
ယာ မညက်
အပြန်ခက်သော အိမ်လွမ်းခန်း
လက်ကျန်ရက်တွေ နည်းနေ …၊

ဆေး မပေး
မီး မယူ
ဖော်မဲ့ အပူ ကျွမ်းလောင်စမ်း
ပျံသန်း ထိုးဖောက် ရင့်မာနေ။ ။

ဒေါင်းနီ
ဝ၉-ဝ၁-ဝ၉


ထာဝရ

ငါ တော်လှန်လမ်းကို အလျားလိုက်ကူး
နိုင်ငံကိုလည်း ရင်ထဲဆွဲသွင်းချင်
နောင်တမဲ့ တောင်ပံဖွင့်လွင့်လို့ 
အမနာပ လေထန်လည်း
အညံခံ ပြန်လှည့်ရိုး မရှိ …၊

ငါ့ရဲ့ပြာမှုန် လေဟုန်ထိုးဖောက်
အာကာယံထက် ကပ်ငြိတွဲ
ကြိုပြီးလမ်းခွဲ လွင့်ခဲ့လည်း
ဖြစ်တည်ရာ နေရာတိုင်း
သမိုင်းကြွေးကို မှတ်ထားမိ …၊

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး
နံရံတွေတောင် ရိုကျိုးဝပ်တွား
သွေးအောင်လံ တလွင့်လွင့်တိုး
ကမ္ဘာတရိုး မျိုးဆက်စိုက်ကာ
ဝိညာဉ်ရှိသရွေ့ အာခံနေပါ၏။

ဒေါင်းနီ
ဝ၉-ဝ၉-ဝ၉

အန္တိမ ဆုတောင်းခန်း

ဘဝ ဆက်တိုင်း
လွတ်လပ်ခြင်း
တရားမျှတခြင်း
တန်းတူညီမျှခြင်း
ငါ့မြေ ငါ့ရွာ
ငါ့တိုင်းပြည်မှာ
နှစ်ခြိုက်ပီတိဖြစ်စွာ ရလို၏၊

လူပြန်ဖြစ်တိုင်း
တာဝန်ကျေခြင်း
သစ္စာတည်ခြင်း
သိက္ခာမြဲခြင်း
ငါ့သွေးသောက်များ
အမိနိုင်ငံတော်မှာ
နှစ်ထောင်းအားရ ပိုင်လို၏၊

ခန္ဓာရှိတိုင်း
စွန့်လွှတ်ခြင်း
ပေးဆပ်ခြင်း
ပံ့ပိုးခြင်းများ
တမြေတည်းဖွား
တရေတည်သောက်
တမိုးအောက်ထဲ
နွေးထွေး ဝေမျှ ပေးလို၏၊

သွေးလည်ပတ်တိုင်း
ကျေးဇူးသိတတ်ခြင်း
ဦးညွတ် ဂါရဝပြုခြင်း
စောင့်ရှောက် ကူညီခြင်း
ဒို့မိ ဒို့ဖ
ဒို့ဆရာတို့အား
ကြည်နူး ဝမ်းမြောက် အပ်လို၏၊

အတွေးဝေတိုင်း
တွဲလက်ခိုင်ခြင်း
ဖေးမစာနာခြင်း
ပြန်လှန် ပေးဆက်
ငါ့သက်ထား
ငါ့ရောင်းရင်း
ငါ့မိတ်ဆွေတို့အား
ယုံကြည် လေးစား သွားချင်ပါ၏။

ဒေါင်းနီ
ဝ၉-၁၉-ဝ၉

စစ်ငြိမ်းအေး ပန်းချီကား